• latest news updates
  • News Update

  • Share

  • Follow

  • NEWS UPDATE
    နိုဝင်ဘာ – ၉ ၊၂၀၁၈
    ၁။ ရခိုင်ပြည်နယ်ဝန်ကြီးလိုက်ပါလာတဲ့ယာဉ် လမ်းဘေးထိုးကျ
    ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု စီးနင်းလိုက်ပါတဲ့ မော်တော်ယာဉ်ဟာ ဒီကနေ့ မနက်ပိုင်း ရန်ကုန် – စစ်တွေကားလမ်းမ ဘေးကို ထိုးကျ မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
    မြောက်ဦးမြို့ ၊ ဆင်ချ ဆိပ် ရပ်ကွက်အနီး ရန်ကုန် – စစ်တွေ ကားလမ်းမဘေးကို ထိုးကျ သွားခဲ့တာပါ။
    ဒီဖြစ်စဉ်မှာ မော်တော်ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ဝန်ကြီးချုပ် ဦးညီပု ဟာ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ လက်ရှိအချိန်မှာတော့ စစ်တွေမြို့ ကို ရောက်ရှိနေပြီလို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။
    မနေ့က နေပြည်တော်မှာကျင်းပတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း လက်မှတ်ရေးထိုးပွဲကို သွားရောက် တက်အပြီး ဒီကနေ့ မနက်ပိုင်း စစ်တွေကိုပြန်လာချိန်မှာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ကနဦးသတင်းအရ သိရပါတယ်။
    ပြီးခဲ့တဲ့ နှစ် အတွင်းကလည်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် လိုက်ပါလာတဲ့ ယာဉ်ဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပြီး လမ်းဘေးကျွန်းပင်ကို ဝင်တိုက်မိကာ ဝန်ကြီးချုပ်ဟာ ဒဏ်ရာ ရခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခဲ့ယူခဲ့ရပါတယ်။
    ဒါအပြင် ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ဦးမန်းဂျော်နီရဲ့ ယာဉ်ဟာလည်း ပြီးခဲ့တဲ့ နှစ်အတွင်းက ပုသိမ်ကနေ နေပြည်တော်ကိုအသွားမှာ ယာဉ်မတော်တဆမှုဖြစ်ခဲ့ပါသေးတယ်။

    ၂။အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆွေးနွေးမယ်
    စင်ကာပူမှာကျင်းပမယ့် အာဆီယံ စီးပွားရေးနဲ့ရင်းနှီးမြု ပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ (ABIS 2018) မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အဓိကပါဝင်ဆွေးနွေးသူအဖြစ် ပါဝင်မယ်လို့ သိရပါတယ်။
    အဲဒီဆွေးနွေးပွဲကို စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း က ဂုဏ်ထူးဆောင် ဧည့်သည့်တော်အဖြစ် ပါဝင်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မလေးရှားဝန်ကြီး မဟာသီယာမိုဟာမက်နဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ တို့က အဓိက ပါဝင်ဆွေးနွေးကြမှာပါ။
    ABIS 2018 ကိုတော့ နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပမယ်လို့ ပွဲအစီအစဉ်အရ သိရပါတယ်။
    ဒီကနေ့ မနက်ပိုင်းမှာတော့ အတိုင်ပင်ခံရုံးက ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံကို မကြာခင်မှာ သွားရောက်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
    ထုတ်ပြန်ချက်အရနိုဝင်ဘာ – ၁၁ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပမယ့် ထိပ်သီးအစည်းအဝေး နဲ့ဆက်စပ်အစည်းအဝေး တွေကိုလည်းတက်ရောက်မယ်လို့သိရပါတယ်။
    ဒီတကြိမ်ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးဟာ ( ၃၃) ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာကျင်းပခဲ့တဲ့ (၃၂ )ကြိမ်မြောက် အစည်းအဝေးကိုတော့ သမ္မတ ဦးဝင်းမြင့် သွားတက်ခဲ့တာပါ။
    ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက စင်ကာပူ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးရဲ့ ဖိတ်ကြားချက်အရ စင်ကာပူ ကို အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ထားပါသေးတယ်။
    အဲဒီခရီးစဉ်အတွင်းမှာတော့ စင်ကာပူက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့စီပွားရေး မူဝါဒတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအကြောင်းဆွေးနွေးထားခဲ့ပါတယ်။
    ================
    ၃။လာမယ့် ၄၈ နာရီအတွင်းကပ္ပလီပင်လယ်ပြင်မှာ မုန်တိုင်းငယ်ဖြစ်နိုင်ချေ ရှိ
    မလေးကျွန်းဆွယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင် ကို ရောက်ရှိလာပြီး လာမယ့် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်နိုင် တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာက ဒီမနက်မှာသတင်းထုတ်ပြန်ပါတယ်။

    အဲဒီလေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် လာမယ့် ၄၈ နာရီအတွင်း တိုင်းနဲ့ ပြည်နယ်အချို့ မှာ မိုးထစ်ချုပ် ရွာနိုင်တယ်လို့ သတိပေးထားပါတယ်။

    သတိပေးထားတဲ့ တိုင်းနဲ့ပြည်နယ်တွေထဲမှာတော့ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ဧရာဝတီတိုင်း ၊ တနသာင်္ရီတိုင်း ၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေပါဝင်နေတာကိုတွေ့ရပါတယ်။

    အဲဒီပြည်နယ်နဲ့တိုင်းအချို့ဟာ ပြီးခဲ့တဲ့ လကလည်း လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် မိုးကောင်းခဲ့ပြီး လေပြင်းတိုက်တာနဲ့ရေကြီးတာတွေကို ကြုံခဲ့ရဖူးပါသေးတယ်။

    ပင်လယ်ပြင်မှာတော့ မုတ္တမကွေ့ ၊ မွန် – တနသာင်္ရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။

    =========
    ၄။အိုင်ဖယ်လ် မျှော်စင်ရဲ့ မူလ ကြောင်လိမ်လှေကားဟောင်းကို လေလံတင် ရောင်းချဖို့ စီစဉ်

    ကမ္ဘာကျော် အိုင်ဖယ်လ် မျှော်စင်ကြီးရဲ့ ကြောင်လိမ်လှေကားဟောင်း အစိတ်အပိုင်း တစ်ခုကို လေလံတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

    ပြင်သစ် နိုင်ငံ၊ ပါရီမြို့တော်မှာ တည်ရှိတဲ့ မျှော်စင်ကြီးမှာ မူလပထမဆုံး တပ်ဆင်ခဲ့တဲ့ ကြောင်လိမ်လှေကား အပိုင်းတစ်ခုကို ရောင်းချမှာလို့ Artcurial လေလံဌာနက ကြေညာပါတယ်။
    ရှေးဟောင်းပစ္စည်း စုဆောင်းသူတွေ စိတ်ဝင်စားနေတဲ့ ဒီပစ္စည်းအတွက် ဒေါ်လာ ခြောက်သိန်း နီးပါးလောက်ထိ ရရှိဖို့လည်း လေလံတင်သူတွေက မျှော်လင့်နေပါတယ်။

    ၁၄ ပေ ရှည်လျားတဲ့ လှေကားအပိုင်းဟာ ၁၈၈၉ ခုနှစ်တုန်းက အိုင်ဖယ်လ် မျှော်စင်ကြီးမှာ ပထမဆုံး တပ်ဆင်ခဲ့တဲ့ ရှေးလက်ရာ စစ်စစ်လည်း ဖြစ်ပါတယ်။

    ကျဉ်းမြောင်းလွန်းတဲ့ အဲဒီ ကြောင်လိမ်လှေကားကို ၁၉၈၃ ခုနှစ်မှာ ပါရီမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ဖြုတ်သိမ်းပြီး အသစ်လဲလှယ်ခဲ့ပါတယ်။ ကြောင်လိမ်လှေကား တစ်ခုလုံးကို ၂၄ ပိုင်း ဖြတ်တောက်ပြီး သိမ်းဆည်းခဲ့တယ်လို့လည်း သိရပါတယ်။

    လောလောဆယ်တော့ ဒီကြောင်လိမ်လှေကား အစိတ်အပိုင်းကို ပါရီမှာ လူအများရှေ့မှောက် ခင်းကျင်းပြသထားပြီး နိုဝင်ဘာ ၂၇ ရက်ကျမှ လေလံတင် ရောင်းချဖို့ စီစဉ်ထားပါတယ်။

    Comments

    Leave a Reply

    This site uses Akismet to reduce spam. Learn how your comment data is processed.